တရားဓမ္မများ

ပြောဆို လုပ်ကိုင် ကြံစည်သမျှ ဖြူစင်ကြ

အလုပ်တစ်ခုခုကို လုပ်တော့မယ်ဆိုရင် စကားပြောတော့မယ်ဆိုရင် အကြောင်းအရာ တစ်ခုခုကို တွေးတောကြံစည်တော့မယ်ဆိုရင် ကိုယ်လုပ်မဲ့အလုပ် ကိုယ်ပြောမဲ့စကား ကိုယ်တွေးမဲ့ အကြံအစည်ဟာ
(၁)မိမိရဲ့ ဆင်းရဲခြင်းကို ဖြစ်စေသလား
(၂)သူတစ်ပါးဆင်းရဲခြင်းကို ဖြစ်စေသလား
(၃)မိမိသူတစ်ပါး နှစ်ဦးသားရဲ့ ဆင်းရဲခြင်းကိုဖြစ်စေသလားဆိုတာကိုကြည့်ရှုဆင်ခြင်ပြီး ဒီ ၃ပါးမှာ တစ်ပါးပါးညှိစွန်းနေမယ်ဆိုရင်ဖြင့် မလုပ်နဲ့ မပြောနဲ့ မကြံစည်ပါနဲ့
(၁)မိမိလည်းချမ်းသာ
(၂)သူတစ်ပါးလည်းချမ်းသာ
(၃)မိမိ သူတစ်ပါးနှစ်ဦးသားလုံးချမ်းသာမယ်ဆိုရင် အဲဒီအလုပ်ကို လုပ်ပါ ပြောဆိုပါ ကြံစည်ပါ အဲဒီနည်းနဲ့ မှန်ဖြင့် ကိုယ့်မျက်နှာပြင်နဲ့ အခြားခန္ဓာကိုယ် တနေရာကိုဖြစ်စေ ကြည့်ပြီးသကာလ အမြင်မတော်တာတွေရှိရင် သုတ်သင်ရှင်းလင်း ဖယ်ရှားသလို အပြစ်အနာအဆာတွေတွေ့ရင် ချွတ်ယွင်းချက်တွေရှိရင် ပြုပြင်ရသလို ပြုလုပ်ဆဲအလုပ်က မကောင်းရင် ဆက်မလုပ်နဲ့ ရုတ်သိမ်းလိုက်ပါ ကောင်းနေရင် ဆက်လုပ်ပါ ကြိုးပမ်းပါ ပြုလုပ်ပြီးအလုပ်က မကောင်းရင် အဲအလုပ်မျိုး နောင်မလုပ်ကိုင်မိအောင် မပြောမိအောင် မကြံစည်မိအောင် ရှောင်ကြည်ပါ ကောင်းနေရင် ဆက်လုပ်ပါ ကြိုးပမ်းပါ ပြုလုပ်လတ္တံ့သောအမှုတွေကိုလည်း ထိုနည်းတူစွာ ဆင်ခြင်ပြီး လုပ်ကိုင် ပြောဆို ကြံစည်ပါလို့ ဆရာတော်ဘုရားဆုံးမခဲ့တာပါ

ကျန်းမာရေးသည် ပထမ ဉာဏ်နှင့်ယှဉ်ကာ စောင့်ရှောက်ကြ

ကျန်းမာရေးကောင်းတဲ့ပုဂ္ဂိုလ်ဟာ
၁၊ ပညာ စီးပွါး ဥစ္စာ ရှာဖွေ စုဆောင်းနိုင်ခြင်းဆိုတဲ့ “ဓမ္မ” ၊
၂၊ ရရှိလာပြီးသော စည်းစိမ် ချမ်းသာ ဥစ္စာ ရတနာတို့ကို စောင့်ရှောက် ထိန်းသိမ်းနိုင်ခြင်းဆိုတဲ့ “အတ္ထ” ၊
၃၊ မိမိ ရှာဖွေ စုဆောင်းထားအပ်သော စည်းစိမ် ဥစ္စာတို့ကို အလိုရှိသလို သုံးဆောင် ခံစားနိုင်ခြင်းဆိုတဲ့ “ကာမ” ၊
၄၊ နတ်ပြည် နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကောင်းတွေကို ကျင့်ကြံ ရှာဖွေ အားထုတ်နိုင်ခြင်းဆိုတဲ့ “မောက္ခ” ၊
၅၊ ကျန်းမာစွာ အသက်ရှည်သဖြင့် လူ့ဘဝကိုအနှစ်သာရ ရှိစွာ နေထိုင်သွားနိုင်ခြင်းဆိုတဲ့ “ဩရသ ဇီဝိတ “ ၊
ဤအကျိုး ၅မျိုးကို ရယူနိင် ကြိုးစားနိုင်မှာ ဖြစ်ပါတယ် ။
မကျန်းမာတဲ့ပုဂ္ဂိုလ်များကတော့ ဒီအကျိုး ၅ မျိုးကို လက်လွတ် ဆုံးရှုံးရနိုင်ပါတယ် ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ကြ
ကျန်းမာရေးထိခိုက်စေမဲ့ အလုပ်ဟူသမျှရှောင်ရှားကြလို့ ဆရာတော်ဘုရားကြီးက ဟောကြားဆုံးမခဲ့ပါတယ် ။
မှတ်ချက်- - -
အတ္ထဿဒွါရဇတ်တော်အား ဆရာတော်ဘုရား ဟောကြားခဲ့သည်ကို ပါဠိဂါထာကို မှတ်သားလိုက်နာနိုင်ရာ၌ လွယ်ကူစေရန် ချန်လှပ်၍ ပြန်လည် မှတ်တမ်းတင်သည်

ချစ်ချစ် ခင်ခင် နေထိုင်ကြ

နွေခေါင်ခေါင် နေပူစပ်ခါး ခရီးသွားကြတဲ့ ခရီးသည်များအဖို့ သစ်ပင်အရိပ်ဟာ အင်မတန် ချမ်းသာသလို သံသရာခရီးသည်များဖြစ်ကြတဲ့ သူသူငါငါ ဝေနေယျသတ္တဝါတွေ ဆွေမျိုး မိဘ -တွေရဲ့အရိပ် ဆရာသမားရဲ့အရိပ် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးရဲ့အရိပ်ကို ခိုလှုံရတာ အင်မတန် ချမ်းသာပါတယ် ဒါကြောင့်မို့ ကံအကြောင်းသင့်ကြလို့ ဒီဘဝမှာလာပြီး ဆရာရယ် တပည့်ရယ် လင်ရယ် မယားရယ်
သားရယ် အမိရယ်
မောင်ရယ် နှမရယ်
ညီရယ် အစ်ကိုရယ် ဆုံစည်းကြဖြစ်လာကြပြီ ဖြစ်လို့ သင့်သင့် မြတ်မြတ် ချစ်ချစ် ခင်ခင် ကြင်ကြင် နာနာနဲ့ ဆက်ဆံပေါင်းသင်း နေထိုင်ကြပါလို့ ဆရာတော်ဘုရားကြီး ဟောကြားဆုံးမခဲ့ပါတယ် ။

အနာရောဂါကင်း၍ ကျန်းမာရေးကောင်းလိုလျှင် လိုက်နာရမည့် အချက်များ

၁၊ အစားအစာကို ကြေညက်စွာ ဝါးစားပါ ( သို့ ) ပထမစားပြီးသောအစာ ကြေညက်မှ နောက်အစာကိုစားပါ ၊
၂၊ ကျင်ကြီး ကျင်ငယ်သွားလိုလျှင် အောင့်မထားပါနှင့် ၊
၃၊ မေထုန်အမှုကို တတ်နိုင်သမျှ ရှောင်ကြည်ပါ ၊
၄၊ သူတစ်ပါးကို မညှည်းဆဲ မသတ်ဖြတ်ပါနှင့် ၊
၅၊ မည်သည့်ကိစ္စမဆို မစဉ်းစား မဆင်ခြင်ဘဲ အဆောတလျင် မပြုလုပ်ပါနှင့် ၊
၆၊ မိမိတို့နှင့် သင့်လျှော် လျောက်ပါတ်သော ဆေးဝါး ဓါတ်စာ အဟာရတို့ကိုသာ သုံးဆောင်မှီဝဲပါ ။

အကျိုးရှိစွာ အသုံးပြုပါ

ပင်ပန်းကြီးစွာနဲ့ ရှာဖွေလို့ ရရှိလာတဲ့ ပစ္စည်း ဥစ္စာ တွေကို ထိန်းသိမ်းစောင့်ရှောက်ရတာလည်း ပင်ပန်းဆင်းရဲပါတယ် ဒီလို ထိန်းသိမ်းစောင့်ရှောက်ပေမဲ့လို့ ဒီပစ္စည်း ဥစ္စာဆိုတာ ရေ’ မီး’မင်း’ခိုးသူ’ဖြုန်းတီး တတ်တဲ့ အမွေခံ သားဆိုး သမီးဆိုး’ဆိုတဲ့ ရန်သူ မျိုး၅ပါးနဲ့ ဆက်ဆံနေပြီးတော့ အဲဒီ ရန်သူမျိုး ၅ပါးကြောင့် ပျောက်ပျက် ပျက်စီး ဆုံးရှုံးပြန်တော့လည်း အင်မတန် ကိုယ် စိတ် ပင်ပန်းဆင်းရဲရတာပါဘဲ ဒါကြောင့်မို့ တရားသဖြင့် ရှာဖွေလို့ ရရှိလာတဲ့ ပစ္စည်း ဥစ္စာ ရွှေ ငွေ ရတနာတို့အပေါ်မှာ စွဲလန်းမှု တွယ်တာမှုတွေ မကြီးစေဘဲနဲ့ “ ယောနိသော မနသိကာရ “ဆိုတဲ့ အသင့်အတင့်နှလုံးသွင်းကြပြီး “ဘုတွာ စ ဒတွာ စ ယထာနုဘာဝံ “ လို့ ဒေသနာတော်ရှိသည့်အတိုင်း
(၁)ပေးလည်း ပေးကမ်းလှူဒါန်းပြီး၊
(၂)မိမိတို့၏လက်ရှိဘဝ အကျိုးစီးပွါးအတွက် ရင်းနှီးမြုပ်နှံကာ၊
(၃)သံသရာခရီးအတွက်လည်း ရင်းနှီးမြုပ်နှံကြလို့မို့၊
ပစ္စုပ္ပန် သံသရာ ၂တန်သော အကျိုးစီးပွါးကိစ္စတွေမှာ အကျိုးရှိစွာ အသုံးချနိုင်ကြပါ အသုံးပြုကြပါလို့ သတိပေး မိန့်ကြားဆုံးမခဲ့ပါတယ် ။
မှတ်ချက် ။ ။

လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွါတို့ကို ရယူ ပိုင်ဆိုင်လိုသော ပုဂ္ဂိုလ်မှန်သမျှတို့၌ ရှိရမည့်တရား(၆)ပါး

၁၊ အနာရောဂါကင်းသည်၏အဖြစ် ရှိရမယ်
( ကျန်းမာခြင်းသည် မွန်မြတ်သော လာဘ်တစ်ပါးဖြစ်၍ ပထမဦးစွာ ရှိအပ်တယ် )
၂၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံရမယ် ၊
၃၊ သိမျိုးစုံလင် ပညာရှင်တို့၏ အဆုံးအမကို နာယူရမယ် ၊
၄၊ အကြောင်းကိုမှီတဲ့ အကြားအမြင်ပညာရှိရမယ်
( အကျိုးရှိသော အကြားအမြင်ရှိရမည်လို့ဆိုလိုသည် )
၅၊ ကိုယ်ဖြင့်ပြုအပ်သောအမှု နုတ်ဖြင့်ပြောအပ်သောစကား စိတ်ဖြင့်တွေးအပ်သောအတွေးတို့ ကောင်းမြတ် မှန်ကန်ရမယ် ၊
( ပြောဆို လုပ်ကိုင် တွေးတောသမျှ ဒုစရိုက်မှုဖြစ်စေရ သုစရိုက်မှုသာဖြစ်ရမည်လို့ဆိုလိုသည် )
၆၊ စိတ်၏ နိမ့်ကျ တွန့်တို ဆုတ်နစ်ခြင်း မဖြစ်စေရ
( မပျင်းမရိရဟု ဆိုလိုသည်)
မှတ်ချက်- - - အတ္ထဿဒွါရဇတ်တော် မဃဒေဝ အပိုဒ် ၃၂၆တို့နှင့် အညီ ဆရာတော်ဘုရား ဟောကြား ဆုံးမခဲ့သည်ကို ပါဠိဂါထာများ အလင်္ကာပိုဒ်တို့ကို မှတ်သားလိုက်နာနိုင်ရာ၌ လွယ်ကူစေရန် ချန်လှပ်၍ ပြန်လည် မှတ်တမ်းတင်သည်